Saturday, January 25, 2014
ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယူနိုက်တက်ကို ဖယ်မထုတ်နိုင်သေးဟု ဖာဂူဆန် ပြောကြား ====================================== မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ကာကွယ်ရန် အခွင့်အလမ်း ရှိနေဆဲဟု မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။ ချယ်လ်ဆီးကို စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် (၃-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နောက် (၁၄)မှတ်ထိ ပြတ်ကျန်ခဲ့ပြီဖြစ်ရာ ယူနိုက်တက်အတွက် လက်ရှိရာသီ ဦးစားပေးသင့်သည့် အခြေအနေသည် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် နံပါတ်(၄)နေရာ ချိတ်ရေးပင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ယူနိုက်တက်ကို အောင်မြင်မှု အလီလီ ရယူပေးခဲ့ဖူးသည့် ဖာဂူဆန်က လက်ရှိမန်နေဂျာ ဒေးဗစ်မိုယက်စ်၏ ဦးဆောင်မှုဖြင့်ပင် အသင်းအနေဖြင့် ချန်ပီယံဆုကို ယခုရာသီအတွက် မျှော်မှန်းနိုင်ဆဲဟု အခိုင်အမာ ပြောဆိုသွားသည်။ အသက်(၇၂)နှစ်ရှိ စကော့သားကြီးက "ခုချိန်မှာ ဘယ်အသင်းကတော့ဖြင့် ချန်ပီယံ မဖြစ်နိုင်တော့ပါဘူးလို့ မပြောနိုင်သေးဘူး။ ယူနိုက်တက်ဟာ ထိပ်ဆုံးက အသင်းတွေကို
လိုက်နေတုန်းပဲ။ အသင်းဟာ ဘာမဆို လုပ်ပြနိုင်စွမ်းရှိတယ်။ ယူနိုက်တက်မှာ ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ အတွေးအမြင်တွေ ရှိနေဆဲပါ။ သူတို့ဟာ အချိန်တိုင်းမှာ အကောင်းဆုံး ပြန်ဖြစ်လာအောင် ရုန်းကန်နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ ယူနိုက်တက်တွင် လက်ရှိ ဂုဏ်ထူးဆောင် ဒါရိုက်တာ ရာထူးကို ရယူထားသည့် ဖာဂူဆန်က အသင်းအနေဖြင့် မိုယက်စ်ကို မဖြစ်မနေ အချိန်ပေးရလိမ့်မည်ဟုလည်း ဆိုသည်။ "သေချာတာပေါ့။ သူ့ရဲ့ အတွေးအမြင်နဲ့ အံဝင်လာဖို့အတွက် အချိန်ကတော့ လိုမှာပါပဲ။ မိုယက်စ်ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးနေပြီး ကျွန်တော်တို့က အဆိုးမြင် လမ်းကြောင်းအတိုင်း ဆင်းသွားဖို့ မလိုပါဘူး။ မန်ချက်စတာ ယူနိုက်တက် ဘာလဲဆိုတာ လူတိုင်းက (၁၀၀)ရာခိုင်နှုန်း သိပြီးသားပါ။ ကလပ်အသင်း တော်တော်များများက မန်နေဂျာတွေကို ဘာကြောင့် အချိန်မပေးချင်သလဲ ဆိုတာကို ကျွန်တော် နားမလည်နိုင်ဘူး။ အသင်းတိုင်းဟာ မန်နေဂျာရဲ့ အည်အသွေးတွေကို ပြန်ပြီး ဆန်းစစ်သုံးသပ်ဖို့ လိုပါတယ်။ မန်နေဂျာရဲ့ C.Vကို ပြန်ကြည့်ရမယ်။ သူ့ရဲ့ စိတ်နေစိတ်ထား၊ သူ့ရဲ့ စရိုက်လက္ခဏာတွေကို သေချာရှုမြင်ရမယ်။ ခုချိန်မှာ ကျွန်တော်တို့ဟာ မိုယက်စ်ကို မန်နေဂျာရာထူး ခန့်အပ်ထားတယ်။ ဒါကို ဘာကြောင့် ဆက်ပြီး ယုံယုံကြည်ကြည် ထိန်းသိမ်းမထားနိုင်ရမှာလဲ။ သူလိုအပ်တဲ့ အချိန်ဟာ တစ်နှစ်လောက် ကြာကောင်းကြာသွားမယ်။ ပြီးရင်တော့ အပြောင်းအလဲတွေ ဖြစ်လာမှာပဲ။ ဒီအနေအထားကို စိတ်မရှည်နိုင်ခြင်းဟာ အသုံးမကျမှုလို့ ကျွန်တော်မြင်တယ်"ဟုလည်း ဖာဂူဆန်က ပြောကြားသွားသည်။ Ref:Dailymail Credit to Soccer Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment