မြန်မာနိုင်ငံ၏ ပထမဦးဆုံး Mobile Banking ဝန်ဆောင်မှု စတင်
ပြည်တွင်း Mobile Banking ဝန်ဆောင်မှု ပထမဦးဆုံးအနေဖြင့် သမဝါမဘဏ်မှ စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ မိုဘိုင်းဖုန်းရှိရုံဖြင့် အဆိုပါ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းဖုန်း၊ မှတ်ပုံတင်တို့ကို ယူဆောင်ကာ နီးစပ်ရာ သမဝါယမဘဏ်ခွဲတွင် သွားရောက် မှတ်ပုံတင် ပြုလုပ်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုများ အနေဖြင့် မိုဘိုင်းဖုန်းအတွင်း Application များ ထည့်သွင်းကာ ဘဏ်ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများကို Mobile Web Browser မှ တစ်ဆင့် မိမိဖုန်းဖြင့် သုံးစွဲခြင်း၊ အကောင့်အချက်အလက်များကို SMS Command များ သုံးကာ ကြည့်ရှုစစ်ဆေးခြင်း
အစရှိသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သမဝါယမဘဏ်၏
မိုဘိုင်းဘဏ် ဝန်ဆောင်မှုကို iOS, Android နှင့် Windows ဖုန်း အမျိုးအစား
အားလုံးတွင်
အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ မိမိ၏ လုပ်ငန်းဆောင်ရွက်မှုကို မိုဘိုင်းဖုန်းမှတစ်ဆင့် ဆောင်ရွက်မှုပြုတိုင်း SMS နှင့် eAlert တို့ဖြင့် အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုမှာ ဆွစ်ဇာလန် အခြေစိုက် Temenos Banking Software Company ၏ နည်းပညာကို အသုံးပြုထားခြင်းဖြစ်ပြီး လျှို့ဝှက်ကုဒ် (PIN) သည် ငွေစာရင်းကို အလွယ်တကူ အသုံးမပြုနိုင်အောင် အပြည့်အဝ ကာကွယ်မှုပေးသည်ဟု ဆိုသည်။ မြန်မာတစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်း အသုံးပြုနိုင်သော နေရာအားလုံးတွင် အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် သတင်းအချက်အလက်များ၊ ငွေပေးချေမှုများ၊ ငွေပေးချေရန် ရပ်ဆိုင်းခြင်း၊ ချက်လက်မှတ်အား စစ်ဆေးခြင်း စသည့် တောင်းဆိုမှုများ အစရှိသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယင်းမိုဘိုင်းဘဏ် ဝန်ဆောင်မှုနှင့် ပတ်သက်၍ နီးစပ်ရာ သမဝါယမ ဘဏ်ခွဲတိုင်းတွင် အသုံးပြုနည်း လမ်းညွှန်ကို ရယူနိုင်မည် ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကို ပိတ်ရက်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုအား အင်္ဂလိပ်၊ မြန်မာ ကြိုက်နှစ်သက်ရာ ဘာသာစကားတစ်ခုကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အလုပ်မအားလပ်၍ ဘဏ်သို့ သီးသန့်မသွားနိုင်သည် ဖြစ်စေ၊ ခရီးသွားလာနေရသည့် အတွက် အဝေးသို့ ရောက်ရှိနေသည်ဖြစ်စေ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြု၍ နေ့စဉ် ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်များကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:
Post a Comment